Site Overlay

Mini skirt နဲ့ အမျိုးသမီး အခွင့်အရေး

Mini skirt နဲ့ အမျိုးသမီးအခွင့်အရေးလို့ ခေါင်းစဉ်တည်ပြီဆိုရင် ကျမတို့ mini skirt ဆိုတာကိုအရင်ဆုံးရှင်းပြဖို့ လိုလိမ့်မယ်ထင်ပါတယ်။ အရှည်ပေါင်လယ်လောက်သာရှိတဲ့ တိုနံ့နံ့ စကဒ်အမျိုးအစားကို mini skirt လို့ခေါ်ပါတယ်။ ယနေ့ခေတ်ကမ္ဘာကြီးဟာ ခေတ်မီတိုးတက်သလောက် အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်သလောက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အမျိုးသမီးတွေဟာ သိပ်ကို ခွဲခြားဆက်ဆံခံခဲ့ရပါတယ်။ ယခုလို ၂၁ ရာစုမှာ အမျိုးသားတွေနဲ့ တန်းတူရည်တူ အခွင့်အရေးရဖို့ မိမိတို့ ကြိုက်နှစ်သက်တဲ့ အဝတ်အစား အသုံးအဆောင် အလုပ်အကိုင် နေထိုင်မှုပုံစံ စတဲ့ အရာတွေအပေါ်မှာ ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းရဲ့ ပညတ်ချက်တွေကနေ လွတ်လပ်စွာ တွေးခေါ်လုပ်ကိုင်နိုင်ဖို့ ပြီးခဲ့တဲ့ ၂၀ ရာစုနှစ် တစ်ခုလုံး ကြိုးပမ်းလာခဲ့ကြရတယ် တော်လှန်ခဲ့ကြရပါတယ်။ အဲ့သလို တော်လှန်ရေးတွေ လှုပ်ရှားမှုတွေမှာ fashion ကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်အပြီး မှာ Coco Chanel ၊ ဒုတိယကမ္ဘာစစ်အပြီးမှာ Christian Dior စတဲ့ Designer ကြီးတွေက သူတို့နဲ့ သက်ဆိုင်ရာ ဆယ်စုနှစ်တွေကို ပုံဖော်ခဲ့ကြတာကိုတွေ့နိုင်ပါတယ်။

ဥရောပ က အမျိုးသမီးတွေဟာ ဒုတိယကမ္ဘာစစ်အပြီး ၁၉၆၀ အရှေ့ပိုင်းလောက်ထိ သူတို့ရဲ့ စကဒ်ကို ဒူးပေါ်အောင်မဝတ်ခဲ့ရပါဘူး။ ဒူးအထက်စကဒ်တွေဝတ်ခြင်းအားဖြင့် အရှက်သိက္ခာမဲ့တဲ့အသွင်ကိုဆောင်တယ်၊ အထက်တန်းကျတဲ့ အမျိုးသမီးမဟုတ်ဘူး ဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့ စည်းတွေဘောင်တွေကြောင့် အမျိုးသမီးတွေဟာ သွားလာလှုပ်ရှားရခက်ခဲသော်ငြားလည်း ဒူးဖုံးစကဒ် တွေကိုပဲဝတ်ဆင်ခဲ့ကြပါတယ်။ တော်လှန်ရေးခေတ် (revolution era) လို့တောင်နာမည်တပ်ရတဲ့ ၁၉၆၀ ရဲ့ movement တွေမှာ စစ်ပြီးခေတ်ရဲ့ fashion တွေကို သွေဖည်ဖို့ကြိုးပမ်းလာကြတဲ့  ပျော်ရွှင်မှုပဓာနဝါဒီ လူငယ်တွေရဲ့ ပုန်ကန်မှုဖြစ်တဲ့ youth culture movement လည်းတစ်ခုအပါအဝင်ပဲဖြစ်ခဲ့ပါတယ်။ ဒီ movement ကြီးမှာ Miniskirt ကသိသိသာသာပြောင်းလဲစေခဲ့တဲ့အရွေ့တစ်ခုဖြစ်ခဲ့တာပါ။ ယနေ့ခေတ်ကျမတို့  (ယဉ်ကျေးမှုဆိုင်ရာအမှတ်တံဆိပ်) cultural icon  အဖြစ် သတ်မှတ်ထားတဲ့ mini skirt ပေါ်လာပြီးမှ လုံးလုံးလျားလျားပြောင်းလဲသွားတဲ့ swinging 60s (သက်ဝင်မြူးကြွတဲ့ ၆၀ ပြည့်နှစ်များ ) ရယ်လို့ဖြစ်လာသော်ငြား လည်း၁၉၅၀ ကျော်လောက်တည်းက Flight to Mars ၊ Forbidden Planet စတဲ့ science fiction movies အချို့ကြောင့် mini skirt ဟာခေတ်ရေစီးကြောင်းပေါ် စတင်ချင်းနင်းဝင်ရောက်နေပြီဆိုတဲ့အချက်ကိုတော့မေ့ထားလို့မရပါဘူး။ miniskirt နဲ့ ပတ်သက်ပြီးအငြင်းပွါးဖွယ်ရာ  ဇာတ်လမ်းများစွာရှိနေပေမဲ့ ယနေ့အားလုံးလက်ခံထားတဲ့ miniskirts ကိုဖန်တီးသူကတော့ London အခြေစိုက် Designer Mary Quant နဲ့ ပြင်သစ် Designer André Courrèges တို့ပဲဖြစ်ပါတယ်။ 

၁၉၅၅ ခုနှစ်မှာကိုယ်ပိုင် record label စလုပ်ခဲ့တဲ့ အချိန်ကMary Quant ဟာ အသက် ၂၁ နှစ်သာရှိသေးတဲ့ အမျိုးသမီးငယ်လေးဖြစ်ပါတယ်။ သားဆက်ခြားဆေးတွေ ပေါ်ပေါက်လာခြင်းနဲ့အတူ sexual movement မှာ ပါဝင်ခဲ့တဲ့ သူမရဲ့ miniskirt ဟာ women empowerment အတွက် ဖက်ရှင်ဆိုတဲ့ စစ်မျက်နှာကနေ တိုက်စစ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။ လူလတ်ပိုင်းအရွယ်အမျိုးသားတွေက မိန်းမငယ်လေးတွေရဲ့ miniskirt ကို မြင်မကောင်းရှုမကောင်းတဲ့ မဖွယ်မရာ တစ်ခုလို တအံ့တဩကြည့်ကြပြီး လူ့အဖွဲ့အစည်းရဲ့ တားဆီးပတ်ပင်မှုတွေကြားက လွတ်လပ်မှုကို မြတ်နိုးတဲ့သူမဟာ အံ့ဩဖွယ်ရာ အရွေ့တစ်ခုကို အင်တိုက်အားတိုက် လုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ 

“ကျမက အမျိုးသမီးတွေအတွက် လွယ်ကူရိုးရှင်းပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့အပြင်ပြေးလွှားနိုင်ခုန်နိုင်တဲ့ အဝတ်တွေကို customer တွေစိတ်တိုင်းကျဖန်တီးခဲ့ရုံပါတကယ်တမ်း လန်ဒန်မြို့ရဲ့ King’s Road ပေါ်က အမျိုးသမီးငယ်လေးတွေသာ miniskirt ကိုဖန်တီးသူများဖြစ်တယ်” လို့ Quant ကပြောခဲ့ပါသေးတယ်။ အဲ့ဒီအချိန်က တိုသထက်တိုလာတဲ့ စကဒ်တွေဟာ လွတ်လပ်မှုကိုဖော်ဆောင်တဲ့ အမျိုးသမီးတွေရဲ့ ရိုးစင်းတဲ့ သရုပ်သကန်ဖြစ်ခဲ့ရုံတင်မကဘဲ သားဆက်ခြားခွင့်ရဖို့အတွက်တွန်းလှန်နေတဲ့ အမျိုးသမီးတွေအတွက်လည်း sexual liberation ရဲ့ အမှတ်သင်္ကေတဖြစ်ခဲ့ပါတယ်။

mini skirt လို့နာမည်ပေးရတဲ့အကြောင်းအရင်းကတော့ ဖန်တီးသူ Mary Quant ဟာ သူမသဘောကျတဲ့ Mitsubishi ရဲ့ Mini Cooper ကားလေးနဲ့ ထပ်တူ ခံစား ကွန့်မြူးနိုင်တာကြောင့်ပါတဲ့။ ၄င်းဆယ်စုနှစ်တစ်ခုလုံးရဲ့ ခေတ်ရေစီးကြောင်းတစ်လျှောက်လုံးကို miniskirt ကလွှမ်းမိုးထားနိုင်လောက်အောင် miniskirt trend က peak ဖြစ်ခဲ့ပါတယ်။

၁၉၆၀ နှစ်တွေရဲ့ နာမည်ကြီး မော်ဒယ် Twiggy က ဒီ miniskirt movement ရဲ့ အထင်ရှားဆုံးပြယုဂ်ပဲဖြစ်ပါတယ်။ သူမရဲ့ခပ်တိုတိုဆံပင် ၊ တောက်ပတဲ့သမင်မျက်လုံး ၊ ထူထဲတဲ့ မျက်တောင်နဲ့ ကလေးဆန်ဆန်ချစ်စရာကောင်းတဲ့ အသွင်အပြင်ဟာ ယခင်သဣရာဇ်များဆီက စံတင်ရတဲ့မော်ဒယ်တွေရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ အသွင်အပြင်နဲ့ လားလားမျှမဆိုင်ပါဘူး။ Miniskirt revolution မှာပါဝင်ခဲ့တဲ့ တခြားသော influencer တွေရဲ့ အထင်ကရဖြစ်ဖွယ်တွေပြောရမယ်ဆိုရင် ၁၉၆၅ ခုနှစ်တုန်းက အင်္ဂလိပ် မင်းသမီးတစ်ဦးဖြစ်တဲ့ Jean Shrimpton က Melbourne Cup Carnival မှာ လက်အိတ် ၊ stocking ၊ ဦးထုပ်တွေဘာမှမပါပဲ miniskirt ချည်းသက်သက် ဝတ်ဆင်ပွဲတက်ခဲ့တာကြောင့် သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ အနိုင်ရသွားတဲ့ မြင်းအစား သူမရဲ့ ပုံတွေဖော်ပြရလောက်အောင် တစ်နိုင်ငံလုံးအံ့ဩခဲ့ရပါသေးတယ်။ နောက်ထပ် ၁၉၆၈ ခုနှစ်က the First Lady Jackie Kennedy အပြင် တခြားသော influencer/ celebrity တွေလည်း movement မှာပါဝင်ခဲ့ပါသေးတယ်။ 

သူတို့လို Revolution ကိုစတင်သူ ပါဝင်သူ လိုက်ပါခံစားသူတို့ကြောင့်သာ ကျမတို့ ယခုလို miniskirt တွေလှလှပပ လွတ်လွတ်လပ်လပ် ဝတ်ဆင်နိုင်တာပါ။ the mother of mini skirt လို့တင်စားခေါ်ဝေါ်ကြတဲ့ Mary Quant ဟာ ယခုဆိုရင်တော့ အသက် ၉၀ အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။ သူမဟာ mini skirt အပြင် မိန်းကလေးတွေအတွက် hot pants, waterproof mascara နဲ့ the “Booby Trap” လို့ခေါ်တဲ့ ကြိုးမဲ့ brassiere ကိုလည်း ဖန်တီးခဲ့သူဖြစ်ဖြစ်ကြောင်း ပြောကြားရင်း ဒီဆောင်းပါးလေးကိုနိဂုံးချုပ်လိုက်ရပါတယ်ရှင်။ နောက်အပတ်တွေမှာလည်း အားကျဖွယ်ရာ အမျိုးသမီးတွေအကြောင်းထပ်ပြောပြဦးမှာမို့လို့ ဖတ်ကြည့်ဖို့ မမေ့ကြပါနဲ့နော်။

Written by YAWAI HTOO MYAT(3rd Oct 2020)

References

https://theglossarymagazine.com/arts-culture/mary-quant-female-empowerment-60s-fashion/?fbclid=IwAR02WV4tqHUwpUIC1craW___lybxHur2lTkdtasx8siLsVLy1y0fl0uF2GU#.X3iE528zbIV

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes