Site Overlay

CHRISTIAN DIOR ရဲ့ HAUTE COUTURE AW20-21 COLLECTIONအား ရင်သပ်ရှုမောဖွယ် တင်ဆက်ပြသခြင်း

Christian Diorရဲ့ Haute Couture Autumn/Winter 2020-2021 Collection ကို July 6 ရက်နေ့မှာ Digital Show အဖြစ် online ကနေ တင်ဆက်ပြသခဲ့ပါတယ်။ Covid19 ရောဂါကြောင့် တကယ့်Fashion showပွဲ မလုပ်နိုင်ခဲ့ပေမယ့် အဆင့်အတန်း မြင့်မားပြီး အသေးစိတ်ကျလှတဲ့ အနုပညာ ဖန်တီးမှုတွေအပြင် တမှုထူးခြားတဲ့ တင်ဆက်ပြသမှုကြောင့် လူအများရဲ့ နှစ်သက်မှုကို ရရှိခဲ့ပါတယ်။ Creative Director “Maria Grazia Chiuri” ရဲ့ စိတ်ကူးယဉ်ဆန်ပြီး အိပ်မက်ဆန်တဲ့ Dior AW20/21 collection ကို အီတလီလူမျိုး ရုပ်ရှင်ပညာရှင် Matteo Garrone နဲ့ တွဲဖက်ပြီး Fashion Film တစ်ခုအဖြစ်ပြသခဲ့တာပဲ ဖြစ်ပါတယ်။

ထူးခြားဆန်းကြယ်လှတဲ့ ဂရိ၊ရောမ မြစ်စောင့်နတ်သမီး၊သစ်ပင်စောင့် နတ်သမီးတွေအပြင် ဒဏ္ဍာရီလာ သတ္တဝါတွေနဲ့ တည်ရှိနေတဲ့ လှပတဲ့ ကမ္ဘာတစ်ခုကို နောက်ခံတေးဂီတနဲ့ လိုက်ဖက်ညီစွာ ပြသထားတာမို့ စစကြည့်ချင်မှာပဲ မျက်လုံးမခွာချင်အောင် ဖြစ်ခဲ့ရပါတယ်။

ဇာတ်ကြောင်းကတော့ ထူးခြားတဲ့ သီးခြားကမ္ဘာ တောအုပ်ထဲက မှော်ဆန်တဲ့ သဘာဝလွန် နတ်ဘုရားမတွေအတွက် ဝတ်စုံကို “Le Myth Dior ” ကအထူးဖန်တီးပြုလုပ်ပေးရတာပဲဖြစ်ပါတယ်။ Surrealism လို့ခေါ်တဲ့ ၁၉၂၀ ဝန်းကျင်က အိပ်မက်ဆန်ဆန် သရုပ်ဖော်မှုကို အလေးပေးတဲ့ အနုပညာကို ကြိုက်နှစ်သက်တဲ့ Maria Grazia Chiuri ဟာ သူမရဲ့ Dior Haute Couture Collection အတွက် Lee Miller, Dorothea Tanning, Leonora Carrington, Dora Maar နဲ့ Jacqueline Lamba အစရှိတဲ့ Surrealist artist ၅ ယောက်ကို inspiration အဖြစ် ထားရှိခဲ့ပါတယ်။ အဲဒါကြောင့် ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ နတ်ဘုရားမ (၅) ပါးဟာ ဒီ အမျိုးသမီး Surrealist Artist (၅)ယောက်ကို ချီးကျူးဂုဏ်ပြုတဲ့ အနေနဲ့ ခိုင်းနှိုင်းဖော်ပြထားတယ်လို့ ထင်မိပါတယ်။

ဒါ့ အပြင် တင်ဆက်မှုရဲ့ စစချင်းမှာရော တင်ဆက်နေချိန် တစ်လျှောက်လုံးမှာ ပါဝင်ခဲ့တဲ့ miniature mannequins(ပုံစံငယ် လူခန္တာကိုယ် အရုပ်) လေးတွေနဲ့ အဲဒါတွေကို ထည့်ပြီး တောအုပ်ဆီ သယ်ဆောင်သွားတဲ့ အရုပ်အိမ်ပုံစံ သေတ္တာ ဟာ အဓိပ္ပာယ်များစွာ ရှိနေပါတယ်။ လွန်ခဲ့တဲ့ 75 နှစ်ကျော်က “Théâtre de la Mode” လို့ခေါ်တဲ့အနုပညာရှင်တွေ ပေါင်းပြီးတင်ဆက်ပြသတဲ့ ပြပွဲမှာလည်း ဒီလိုမျိုး အသေးစား mannequins လေးတွေနဲ့ ပြသခဲ့ပါသေးတယ်။ “Théâtre de la Mode” ဟာ ဒုတိယကမ္ဘာစစ် အပြီး ပျက်စီးဆုံးရှုံးမှုပေါင်းများစွားနဲ့ မျှော်လင့်ချက် မဲ့နေတဲ့ Paris ဖက်ရှင်လောကကို အားရှိစေခဲ့တဲ့ အထင်ကရ ပြပွဲ တစ်ခု ဖြစ်ပြီး အခု Dior မှ တင်ဆက်မှုဟာလဲ Covid 19 ကြောင့် ခံစားနေရတဲ့ လက်ရှိအခြေအနေကို သွယ်ဝိုက်ဖော်ဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ဟိုအရင်ကလို လူသားတွေဟာ အဆိုးတွေထဲက လွတ်မြောက်နိုင်ခဲ့သလို အခုလဲ ထပ်မံ လွတ်မြောက်အောင် ငါတို့ လုပ်နိုင်ကြမှာပါဆိုပြီး ကမ္ဘာတစ်ဝှမ်းကို အားပေးစကားဆိုလိုက်သလိုပါပဲ။

ထိုအပြင် collection ရဲ့ ဝတ်စုံတိုင်းဟာ concept ခိုင်မာလှပြီး အသေးစိတ်ကျကျ ဖန်တီးဖော်ပြထားတာကို တွေ့မြင်နေရပါတယ်။ ထူးခြားဆန်ကြယ်တဲ့ ကမ္ဘာက နတ်ဘုရားမတို့နဲ့အတူ ပူးတွဲ ဖော်ပြတဲ့ ဝတ်စုံတိုင်းဟာ သဘာဝလွန်ဆန်ပြီး မိန်းမဆန်မှုကို အတိုင်းသား ခံစားရပါတယ်။ အသေးစိတ် ပန်းထိုးပုံဖော်ထားတဲ့ tulle (ပိုးဇာလွှာ)တွေ၊pleated chiffon ဒီဇိုင်းတွေနဲ့ pastel color (အရောင်နု)ဇာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ fairy tale နဲ့ romantic စတိုင်ကို ပေါ်လွင်လာစေပါတယ်။

ဒီလိုမျိုး conceptခိုင်မာပြီး စိတ်ကူးစတ်သန်း ကောင်းမွန်လှတဲ့ မှော်ဆန်ဆန် သီးသန့် ကမ္ဘာတစ်ခုကို သေချာချပြနိုင်ခဲ့တဲ့ Dior ရဲ့ စစ်မှန်တဲ့ ဖန်တီးမှု Haute Couture AW20-21 Collection ဟာ စာရေးသူကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်ခဲ့ပါတယ်။ အရမ်းကို အားရကျေနပ်စေပြီး တန်ဖိုးရှိလှတဲ့ ဖန်တီးမှု ဖြစ်တာကြောင့် ဖက်ရှင် နဲ့ အနုပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေ လေ့လာကြည့်ဖို့ တိုက်တွန်းလိုက်ရင်း နိဂုံးချုပ်လိုက်ပါတယ်။

by Yamin Inzali

References

https://www.vogue.com/fashion-shows/fall-2020-couture/christian-dior

https://www.dior.com/en_int/womens-fashion/haute-couture-shows/fall-winter-2020-2021-haute-couture-collection

https://youtu.be/cM1o02_Y_58

1 thought on “CHRISTIAN DIOR ရဲ့ HAUTE COUTURE AW20-21 COLLECTIONအား ရင်သပ်ရှုမောဖွယ် တင်ဆက်ပြသခြင်း

  1. Very nice post. I just stumbled upon your blog and wanted to say that I’ve really enjoyed browsing your blog posts. In any case I’ll be subscribing to your feed and I hope you write again soon!

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes