Site Overlay

Dolce And Gabbana; Patchwork Collection

ဒီနေ့ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ Dolce & Gabbana ရဲ့ Spring Summer 2021 အမျိုးသမီးဝတ် ဖက်ရှင်ရှိုးပွဲမှာ ပြသခဲ့တဲ့ Patchwork collection အကြောင်းလေးပဲ ဖြစ်ပါတယ်။ COVID 19 ကမ္ဘာကပ်ရောဂါရဲ့ ပြင်းထန်လှတဲ့ ရိုက်ခက်မှုတွေကြောင့် ဒီဇိုင်နာတို့ဟာဆိုရင် တီထွင်ဖန်တီးမှုတွေအတွက် ပြင်ဆင်ရပါတော့တယ်။ ဒီနှစ်ရဲ့ နာမည်ကြီးဖက်ရှင်ရှိုးတော်တော်များများဟာ Minimal Art ( အလွန်အကဲ ရိုးရှင်းတဲ့ အနုပညာဖန်တီးမှု) တွေအပေါ် အဓိကထား ဖန်တီးလာကြတာ တွေ့ရပေမဲ့ Dolce & Gabbana ကတော့ လုံးဝကို ကွဲထွက်ကာ ဖော်ပြခဲ့တာကို တွေ့မြင်ရပါတယ်။တောက်ပတဲ့ အရောင်နဲ့ ထူးကဲများပြား လှတဲ့ prints ဒီဇိုင်း အမျိုးမျိုးတွေကို Patchwork နည်းနဲ့ ပေါင်းစပ်ကာ 1970s ရဲ့Bohemian စတိုင်မျိုးကို ချပြခဲ့တာပဲ ဖြစ်ပါတယ်။

ရှိုးတစ်ခုလုံးကို patchwork နဲ့ စတင်ပြီး patchwork နဲ့ ပြည့်စုံစေခဲ့ပါတယ်။Patchwork ဆိုတဲ့ နည်းကတော့ ကျွန်ုပ်တို့ မြန်မာတွေရဲ့ အပ်ချုပ်ခြင်းနည်းပညာမှာလဲ ရင်းနှီနေပြီးသား နည်း တစ်ခုပဲ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ဖွားဖွားတွေ ပိတ်စပိုတွေကို လေးထောင့်အကွက်လိုက် စပ်စပ်ပြီး စောင်တို့ ၊ တရားထိုင်အခင်းတို့ ချုပ်လေ့ရှိကြတာကို မြင်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါဟာ တခြားမဟုတ်ပါဘူး။ အခု Dolce & Gabbana SS21 collection ရဲ့ theme ဖြစ်တဲ့ Patchwork နည်းပညာပါပဲ။ ဒါဟာ Sustainability ( သဘာဝ အရင်းအမြစ် ထိန်းသိမ်းခြင်း) ရဲ့ နည်းတစ်ခုလဲ ဖြစ်ပါတယ်။ ဒီ Dolce & Gabbana SS21 collection ဟာဆိုရင်တော့ ရိုးရှင်းတဲ့ လက်မှုပညာရပ် တစ်ခုကို အခြေခံပြီး Sicity ဆိုတဲ့ ကျွန်းဆွယ်မြို့လေးရဲ့ Sicilian Patchwork ဒီဇိုင်းကို ဖန်တီးလိုက်တဲ့ အခါမှာတော့ သူရဲ့ ထူးခြားမှုကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

Dolce & Gabbana ရဲ့ ကိုယ်ပိုင်ဟန်အတိုင်း ဝတ်စုံတစ်ခုချင်းစီတိုင်းက D.I.Y လက်မှုပညာ စီမံချက်ကို ဖော်ပြပြီး 70 ပြည့်နှစ်ရဲ့ စတိုင်အငွေ့အသက်မျိုးကို ပြန်လည် ဖော်ဆောင်လျက်ရှိတာကို တွေ့ရပါတယ်။ အစင်းဒီဇိုင်းတွေကို အစက်အပြောက်ဒီဇိုင်း(polka dot) တွေနဲ့ ပြန့်ပြူးစေပြီး မျိုးစုံလှတဲ့ Brocade ပွင့်ရိုက် ဒီဇိုင်းတွေကတော့ တစ်ခုနဲ့ တစ်ခု ယှဉ်တွဲကာ mini pleated skirt လေးကို ဖြစ်စေပါတယ်။ ဂျင်းဘောင်းဘီ အပိုင်းအစတွေကို ဇာအပိုင်းအစတွေနဲ့ တွဲဖက်နေပြီး ကျားသစ်ကွက် ဒီဇိုင်း နဲ့ tropical ဒီဇိုင်း Blazer ကုတ်တွေကတော့ ပွင့်ရိုက် စပ်ချုပ် bra တွေနဲ့ ယှဉ်တွဲပြီး ထူးခြားဆန်းပြားစွာ လိုက်ဖက်ညီနေလှပါတယ်။

ကျွန်တော်တို့အတွက် အရေးကြီးဆုံးက အနုပညာ လက်ရာမြောက်တဲ့ ဖန်တီးမှု တစ်ခုချင်းစီတိုင်းမှာ ပုံပြင်တွေ ၊ စိတ်အားထက်သန်မှုတွေနဲ့ အမြင်တွေ ရှိနေခြင်းပါ “ ဆိုပြီး Domenico Dolce က ဒီ patchwork collection နဲ့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ထူးခြားတဲ့ အရောင်၊ ဒီဇိုင်း ၊ပိတ်စတွေကို ဖန်တီးသူ လက်မှုပညာသည်တွေရဲ့ အမြင် ၊ ကိုယ်ပိုင်ဟန်ကနေ ပေါင်းစပ်ပြီး ရရှိလာတဲ့ ယခုဖန်တီးမှုပြပွဲဟာ ပေါင်းစည်းမှုတို့ရဲ့ ရသကို ပြောပြနေခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ လက်မှုပညာသည်တွေရဲ့ အရည်အချင်းတွေကို ဂုဏ်ပြုရုံသာမက ဤတစ်ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းကာလမှာ ကျွန်ုပ်တို့ဟာ ဒီ Patchwork နည်းတစ်ခုလို မတူညီတဲ့ အကြောင်းအရာ၊ ဒေသတွေကို နောက်ခံထားပြီး စည်းလုံးညီသွတ် ပူးပေါင်းကာ ကြံ့ကြံ့ခိုင်ထားသင့်ကြောင်းကို ဖော်ပြနေတယ်လို့ တွေ့မြင်ရပြန်ပါတယ်။ အဲဒါကြောင့် ဒီ Dolce & Gabbana ရဲ့ patchwork collection လေးကို “Celebration of Fatta a Mano” လို့ခေါ်တဲ့ “လက်မှုပညာရဲ့ အောင်ပွဲခံခြင်း”လို့ နက်နဲစွာ တင်စားပြီး စာဖတ်ပရိသတ်ကြီး အတွက် စိတ်ကူးဉာဏ်ကောင်းများရဖွယ် တင်ဆက်ပေးလိုက်ရပါတယ်။ အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ရင်း ဒီနေရာလေးမှာပဲ နိဂုံးချုပ်လိုက်ချင်ပါတယ်။

“Celebration of Fatta a Mano”

by Dolce & Gabbana

by Yamin Inzali

References

https://www.vogue.com/fashion-shows/spring-2021-ready-to-wear/dolce-gabbana

https://fashionista.com/2020/09/dolce-gabbana-spring-2021-review

https://us.dolcegabbana.com/en/fashion-show-woman-summer-2021/

2 thoughts on “Dolce And Gabbana; Patchwork Collection

  1. I must get across my passion for your kindness for people who really need assistance with that area of interest. Your real commitment to getting the message along became extremely helpful and have truly made folks like me to arrive at their goals. Your own valuable tips and hints means a great deal a person like me and especially to my peers. Warm regards; from each one of us.

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes