ဒီနေ့မှာတော့ ထိုင်းဇာတ်လမ်းတွဲလေး တစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဇာတ်ကားလေးဟာ တစ်ခါကြည့်ပြီးရုံနဲ့တင် အဲအကြောင်းပဲ စိတ်ထဲရောက်နေမိတဲ့အထိ စိတ်ကို စိုးမိုးထားနိုင်ခဲ့ပါတယ်။ အဲဒီဇာတ်ကားလေးကတော့ “I told Sunset about you” ဆိုတဲ့ လူငယ် ကောင်လေးနှစ်ယောက်ကြားထဲ သံယောဇဉ်ကို လေးလေးနက်နက်လေး တင်ဆက်ထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ အပိုင် ၅ပိုင်း ပါဝင်ပြီး Billkin (@bbillkin) နဲ့ PP Krit (@pp.Keith) တို့က အဓိက သရုပ်ဆောင် အနေနဲ့ ပါဝင်ထားပါတယ်။ ဒါ့အပြင် Project S: Side by Side, My Ambulance အစရှိတဲ့ ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Boss Naruebet Kuno (@bosskuno) ကပဲ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒီကားလေးကို ပထမဆုံး သဘောကျရတဲ့ အချက်ကတော့ cinematography ပါပဲ။ “I told sunset about you” ဆိုတဲ့ ခေါင်းစဉ်လေးအတိုင်း ဇာတ်ဝင်ခန်း တစ်ခုချင်းဆီတိုင်း နေဝင်ချိန်မှာ ဖြစ်ပေါ်တဲ့ သဘာဝအရောင်လေးတွေကို သုံးပြီး တင်ဆက်ပြထားပါတယ်။ ဒါ့အပြင် ဇာတ်ကောင်တွေရဲ့ အဝတ်အစားတွေကိုလဲ သေချာ လိုက်ဖက်ညီအောင် ပြင်ပေးထားတာကိုလဲ တွေ့ရပြန်ပါတယ်။ အနီရောင်၊ စိမ်းပြာရောင်လေး အင်္ကျီလေးတွေကို အဝါရောင် နောက်ခံလေးတွေမှာ လှလှပပလေး တွဲဖက်ပေးထားတဲ့ အခါမှာတော့ အခန်းတိုင်းဟာ သိမ်းထားချင်စရာပါပဲ။

ဇာတ်ကားလေးကို ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ကမ်းခြေတစ်ခုဖြစ်တဲ့ ဖူးခက် ကမ်းခြေမှာ ရိုက်ကူးထားတဲ့ အတွက် ဇာတ်ကောင်ရဲ့ အဝတ်အစားတွေကိုလဲ ပေါ့ပေါ့ပါးပါး Hawaii shirt လေးတွေ၊ တီရှပ် နဲ့ ဘောင်းဘီအတိုလေးတွေကို တွဲဖက် ပေးထားပြန်ပါတယ်။

ဇာတ်ကားရဲ့ ခံစားချက်ကို အရောင်တွေနဲ့ သက်ဝင်စေခဲ့သလို ဇာတ်ကောင်တွေရဲ့ သရုပ်ဆောင်မှုကတော့ ပိုပြီး ပြည့်စုံစေခဲ့တယ်လို့ ဆိုချင်ပါတယ်။ သူတို့ ခံစားနေရတဲ့ ခံစားချက်ကို စကားလုံးတွေနဲ့ ဖော်မပြဘဲ အမူအရာနဲ့တင် ပရိသတ်ကို သိရှိစေပါတယ်။ တိတ်ဆိတ်တဲ့ ဖော်ပြမှုဟာ အကျယ်လောင်ဆုံးလို့ ပြောရလောက်အောင် ခံစားမှုတွေကို အထွတ်အထိတ် ရရှိစေပြီး ဇာတ်ကောင်နဲ့ အတူ စီးမျောစေခဲ့ တာပါပဲ။ ဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ဝင်တေး စာသားလေးလေးတွေက အစ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်ကို ပေါ်လွင်စေတဲ့ အကြောင်းအရာ သေးသေးလေးတွေအထိ သေချာ ပုံဖော်ပေးထားတာကို တွေ့ရပါတယ်။

နောက်ဆုံး သဘောကျရတဲ့ အချက်ကတော့ “Teamwork” ပါပဲ။ ဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေဟာလဲ သူတို့ တာဝန်ကို ကျေပွန်သလို ဒါရိုက်တာ၊ဇာတ်ညွှန်းဆရာ၊ အဝတ်အစား ဒီဇိုင်းအသင်:၊ မီးထိုးတဲ့ တာဝန် နဲ့ ရိုက်ကွင်းနေရာ အထိကို စလယ်ဆုံး ကိုယ်တာဝန်ကိုယ် ကျေပွန်စွာ အတူတကွ ဖန်တီးခဲ့ကြတာပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် ကောင်းမွန်တဲ့အနုပညာတင်ဆက်မှု တစ်ခု ဖြစ်ဖို့ဆိုရင် စေတနာပါပါနဲ့ ကိုယ့်တာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်အောင် ဆောင်ရွက်ပေးရမှာပါပဲ။ တစ်ယောက်ထဲ တစ်ခုထဲ ပြည့်စုံနေရုံ မဟုတ်ဘဲ အဖက်ဖက်က စုပေါင်းပြီး လိုက်ဖက်ညီစွာ အတူတကွ လုပ်ဆောင်ခြင်းက အဓိက ဆိုတာကို ဒီဇာတ်ကားလေးကနေ တွေ့မြင်ခဲ့ရပါတယ်။ နောက်ထပ်လဲ ဒီလို ကောင်းမွန်တဲ့ ဇာတ်ကားလေးတွေကို ကြည့်ရဖို့ မျှော်လင့်ရင်း ဆောင်ပါးလေးကို ဒီနေရာမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။ နောက်ထပ် ကောင်းမွန်တဲ့ ဆောင်ပါးလေးတွေနဲ့ ပြန်လာခဲ့ဦးမှာမို့ စောင့်မျှော်ပေးကြပါဦး။

By Yamin Inzali

References

https://www.facebook.com/NadaoContent/

Don’t miss a moment. 💌

Subscribe for insider updates, designer spotlights, and curated inspiration. 🗝️

We don’t spam! Read our privacy policy for more info.

Leave a Reply