Site Overlay

Johannes Warnke “Windows of Perception” collection

တခြားကမ္ဘာဆန်တဲ့ ဖက်ရှင်ဒီဇိုင်းလက်ရာတွေကို မြင်ဖူးကြမယ် ထင်တယ်။ တစ်ခါတစ်ရံမှာ အဲဒီလက်ရာတွေက လက်ရာမြောက်လွန်းလို့ လွယ်လွယ်ကူကူ သူရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ ခဲယဉ်းတဲ့ အခါတွေရှိတယ်။ ဒါပေမဲ့လဲ သူ့ ဒီဇိုင်းရဲ့ ဖော်ညွှန်းမှု ရသတွေကိုတော့ ခံစားနိုင်လိမ့်မယ်။ ဒီနေ့မှာတော့ အဲလို လက်ရာမျိုး Collection တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ German ဖက်ရှင် ဒီဇိုင်နာ တစ်ယောက်ဖြစ်တဲ့ Johannes Warnke ရဲ့ “ Windows of Perception “ collection လေးပဲ ဖြစ်ပါတယ်။ Lady Gaga ရဲ့ ထူခြားကောင်းမွန်လှတဲ့ “911” music video ကို ကြည့်ဖူးရင်တော့ သူရဲ့ High-concept ဖက်ရှင်ဒီဇိုင်းလက်ရာတွေနဲ့ ရင်းနှီနေလောက်မှာပါ။

2020 ဇွန်လမှာ Central Saint Martins မှ ဘွဲ့ရပြီး ဒီ collectionလေးကို social media ကနေ တစ်ဆင့်ချပြခဲ့ပါတယ်။ မူလအစမှာတော့ press show လုပ်ဖို့စီစဉ်ခဲ့ပေမယ့် pandemic ကြောင့် social media ကိုပဲ အသုံးပြခဲ့ရတယ်လို့ Warnke ကပြောကြားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် မေလကတည်းက စတင်ဖန်တီးခဲ့ပြီး တစ်နှစ်နီးပါး ကြာမြင့်ခဲ့တဲ့ ဒီလက်ရာတွေဟာ အခုချိန်မှာတော့ လူအများရဲ့ နှစ်သက်ခြင်းကို ရရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီ Johannes Warnke ရဲ့ collection ကတော့ တကယ့် အစစ်အမှန် လူ့ဘဝရဲ့ ဆက်သွယ်မှု၊တွေ့ဆုံမှုတွေအပေါ် တောင့်တခြင်းတွေနဲ့ လူမှု့အဖွဲ့အစည်းရဲ့ virtual media (အစစ်နီးပါး ပုံရိပ်ယောင် လူထုဆက်သွယ်မှု)တွေအပေါ် အားထားလာတဲ့ အတွေ့အကြုံတွေကို inspiration ယူကာ ဖန်တီးထားခဲ့တာပဲ ဖြစ်ပါတယ်။အခုချိန်မှာ လူတွေဟာ Social media နဲ့ Digital ရဲ့ လှုံ့ဆော်မှုတွေ ခံရပြီး အဲဒီအရာတွေပေါ်မှာ စွဲလန်းနေကြပြီပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီ collection ထဲက လက်ရာတွေဟာတကယ့် ဘဝရဲ့ အာရုံခံအတွေ့အကြုံတွေအပေါ် အလေးပေးထားပြီး လေတိုက်ခတ်မှုကြောင့် သံစုံခေါင်းလောင်းများမြည်ကာ ပျံနှံသွားရတဲ့ အေးချမ်းတဲ့ စိတ်များ၊ ဘုရားကျောင်း ပြတင်းပေါက်က ရောင်စုံမျက်ကာတွေ နဲ့ အသံဆို့စရာ စတဲ့ ဝတ်ဆင်သူရဲ့ ပတ်ဝန်းကျင်ကို ခြယ်လှယ်တဲ့ အရာတွေ ပါဝင်နေပါတယ်။

ဒီ ဒီဇိုင်းလက်ရာကို ဖန်တီးနိုင်ဖို့ လေ့လာနေတဲ့ တစ်လျှာက်လုံးမှာ သူဟာ ဂျာမနီတစ်ခုလုံး လှည့်ပတ်ပြီး ကြားရတဲ့ အသံ ၊ မြင်တွေ့ရတဲ့ အချိန်ခဏတွေကို ဓာတ်ပုံရိုက်ကာ လူတွေရဲ့ ခက်ခဲနက်နဲလှတဲ့ အမူအရာ နဲ့ စဉ်းစားနိုင်မှုတွေကို အကဲခတ်လေ့လာခဲ့ရပါတယ်။ ဒါဟာ သူရဲ့ ဒီဇိုင်းလက်ရာမြောက်ဖို့အတွက် အဓိကအကြောင်းအရာ တစ်ရပ် ဖြစ်မယ်လို့ ထင်မြင်ရပါတယ်။ သူဟာ ပြောကြားခဲ့ပါသေးတယ်။ “ဒီဇိုင်းဖန်တီးရတဲ့ အလုပ်ဆိုတာက စောင့်ကြည့်လေ့လာ အကဲဖြတ်ပြီး အဲဒီအရာကို သင်နားလည်သလို သင့်ဘာသာစကားနဲ့ ပြန်လည် ဘာသာပြန်ဖော်ထုတ်ရတဲ့ အရာပဲ ဖြစ်တယ်” ဆိုပြီးပဲ ဖြစ်ပါတယ်။ Central Saint မှာ ရှိခဲ့တဲ့ အချိန်တွေက သူရဲ့ ကိုယ်ပိုင်ဘာသာစကားကို ပိုပြီး မြှင့်တင်ပေးနိုင်ခဲ့ပုံပါပဲ။

သူ့ အသက် ၆ နှစ်အရွယ်မှာ ခေတ်ပေါ်အကပညာကို လေ့လာခဲ့ရပါတယ်။ Warnke ဟာ ခန္ဓာကိုယ်နဲ့ လှုပ်ရှားမှုအပေါ် နားလည်ဖို့ ခွန်အားထက်သန်ခဲ့ပြီး အဲဒါကပဲ တခြားအရာတွေထပ်ပိုပြီး သူ ဒီဇိုင်းဖန်တီးရာမှာ အဓိကကျစေခဲ့တာပဲ ဖြစ်တယ်။ “လူတစ်ယောက် ကျွန်တော် လက်ရာကို ဝတ်ဆင်ပြီး လှုပ်ရှားတဲ့ အခါ လွတ်လပ်နေစေဖို့ကို သေချာအောင်လုပ်တယ်။သေသေချာချာ ချပ်ရပ်အောင် ဖွဲ့စည်းပြီး ဖန်တီးခဲ့ရင်တောင် လှုပ်ရှားမှုတွေကို ခွင့်ပြုနိုင်တဲ့ လက်ရာပဲ ဖြစ်ရမယ်။ သင် လမ်းလျှောက်လိုက်တဲ့အခါ စီးချက်နဲ့ တိုက်ခတ်မှု အကြား လှုပ်ရှားမှုတိုင်းကို အနည်းငယ်လေ ယိမ်းနွဲ့ရတယ်။ ဒါမျိုးကို လျှောက်လမ်းမှာမဟုတ်ဘဲ ပုံတစ်ပုံမှာဆို သေချာ ခံစားရမှာ မဟုတ်တဲ့ အရာပေါ့။” ဆိုပြီး ပြောပြခဲ့ပါတယ်။ တကယ်လဲ သူ့လက်ရာတွေ စီးဆင်းမှုတွေ လှုပ်ရှားမှုတွေ ရှိတယ်ဆိုတာကို ပုံထဲနေတောင် အနည်းငယ်လေး ခံစားနေရတယ် မဟုတ်ပါလား။

စိတ်ကူးယဉ် ဆန်တဲ့ High – Conceptual Design တွေပေမယ့်လဲ တကယ့် ဘဝနဲ့ အပ်စပ်မှု ရှိအောင် ဖန်တီးထားပါသေးတယ်။ သူ့ ဒီဇိုင်း အထည်တွေ လက်နဲ့ ကိုယ်တိုင် သဘာ၀အတိုင်းဆေးဆိုးပုံဖော်ပြီး Cruelty-free ပိုသား နဲ့ Upcycled (ပြန်လည်သုံး) organza ပိတ်စ၊Tapestry (ချည်ထိုးအလှထည်) တွေကို အသုံးပြီး ဖန်တီးခဲ့ပါတယ်။ဒါ့အပြင် zero waste အထည်အဖြစ်ရအောင်လဲ ပိတ်စတွေကို မစွမဖြတ်ပစ်ဘဲ draped လုပ်ပြီး ချုပ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ “ Sustainability (သဘာဝကို အကျိုးပြုခြင်း) အတွက် သင့်ရဲ့ ဒီဇိုင်းတွေကို အလျော့ပေးရခြင်းကို မဖြစ်စေသင့်သလို့ သင့် ဒီဇိုင်းတွေကြောင့်လဲ Sustainability မလုပ်နိုင်တာလဲ မဖြစ်သင့်ပါဘူး။ နှစ်ခုလုံးက သဟဇာတဖြစ်နေဖို့ လိုတယ်” ဆိုပြီး ပြောခဲ့တဲ့ လူတစ်ယောက်ရဲ့ အပြောနဲ့ အလုပ်ညီအောင်စွမ်းဆောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ တကယ့်ကို သိမ်မွေ့နူးညံ့ပြီး နှလုံးကြည်နူးစေတဲ့ ကျွမ်းကျင်လှပစွာ ဖန်တီးထားတဲ့ Collection လေးပဲ ဖြစ်ပါတယ်။

By Yamin Inzali

References

https://www.fashioncrossover-london.com/johannes-warnke-central-saint-martins-2020-i3779

https://www.vogue.com/slideshow/johannes-warnke-emerging-designer-otherworldly-fashion

https://www.instagram.com/p/CJ55RKng707/

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © 2024 Ariel's Style. All Rights Reserved. | Catch Vogue by Catch Themes